MPA Logo

new banner

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သီလဝါဆိပ်ကမ်း ဥပစာလမ်း(၄)လမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

သီလဝါဆိပ်ကမ်း ဥပစာလမ်း(၄)လမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သီလဝါဆိပ်ကမ်း ဧရိယာ၌ ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 လမ်းသစ်ဖွင့်ပွဲသို့  ဒုတိယဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနဆိုင်ရာအကြီးအမှူးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်း များနှင့် သီလဝါဆိပ်ခံတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

  အခမ်းအနား၌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နိုင်ငံတကာကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့် ကုန်စည်များ၊ ကုန်သေတ္တာ များကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကြီးကြပ်မှု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းတို့၏ ပံပိုးကူညီဆောင်ရွက်ပေးမှု၊  သီလဝါဆိပ်ကမ်းတံတားလုပ်ငန်းရှင်များ၏ အချိုးကျ ငွေကြေးထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်း ဥပစာလမ်း၊ (၄)လမ်းသွား လမ်းသစ်ကြီးကို သတ်မှတ်ကာလ အချိန်တို အတွင်း အောင်မြင်စွာတိုးချဲ့ ဖောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုတန်ဘိုး၏ ၇၅ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် အဓိကထားကုန်သွယ်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ နိုင်ငံတကာကုန်သွယ်မှု ပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာမှာ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အတွက် ဆိပ်ကမ်းဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ထို့အပြင် ဆိပ်ကမ်း လုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုပမာဏ များပြားလာပြီး သီလဝါ ဧရိယာရှိ စက်သုံးဆီ ဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီတင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် ယခင် ၂ လမ်းသွားလမ်းမှာ မကြာခဏ ပိတ်ဆို့မှုများဖြစ်လာသည့်အတွက် ယခုကဲ့သို့ သီလဝါ ဆိပ်ကမ်း၊ ဥပစာလမ်းကို လမ်းလယ်ကျွန်းအပါ (၄)လမ်းသွားလမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လမ်းသစ်ကြီးသည် သီလဝါဆိပ်ကမ်းကို ကုန်းတွင်း ဆက်သွယ်မှု (Hinterland Connectivity) ပိုမိုကောင်းမွန်လာစေသကဲ့သို့ ဘက်စုံ သယ်ယူပို့ဆောင်ရေး (Multimodal Transport) အခန်းကဏ္ဍကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည့်အတွက် အနာဂတ်တွင် နိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ ယခင်ကဲ့သို့  ယာဉ်ကြောပိတ်ဆို့မှု(Congestion)များ ထပ်မံမဖြစ်ပွားစေရေးအတွက်လည်း ခေတ်မီနည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ (Technology and Innovation)ကို အသုံးချပြီး ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်နိုင်‌ရေး စီမံဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လမ်းသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဥပစာလမ်း၊ (၄)လမ်းသွား လမ်းသစ်အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး Wilmar ဆိပ်ကမ်းတံတားသို့ ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

 ယနေ့ဖွင့်လှစ်သည့် (၄)လမ်းသွား လမ်းသစ်သည် (၅)မိုင် (၂)ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ စုစုပေါင်း ကျပ် ၂၈.၃၅၀ ဘီလီယံ ခန့် ကုန်ကျခဲ့ကြောင်း၊ (၄)လမ်းသွား မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင်ဖောက်လုပ်ပေးခဲ့သည့် အတွက် ကွန်ကရိလမ်းအဖြစ် အချိန်တိုအတွင်း အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် သီလဝါ ဆိပ် ကမ်း ဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင် ယာဉ်များဖြင့် ယာဉ်ကြော ပိတ် ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန်သက်သာပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးလျက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန