MPA Logo

new banner

ပွင့်လင်းရာသီ ရန်ကုန်ဆိပ်ကမ်း၌ ပြည်ပသို့ ဆန်၊ ပဲ၊ ပြောင်း တင်ပို့မည့် သင်္ဘောကြီးများဖြင့် စည်ကားလျက်ရှိ

ရန်ကုန်၊ မတ် ၅

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏ အဓိက ပြည်ပ ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်စည်များဖြစ်ကြသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး နှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့ အထွေထွေကုန်စည်တင်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍ လည်း တင်ပို့လျက်ရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ (၁၀)လ အတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးကို ပင်လယ် ရေကြောင်းမှ ပြည်ပသို့ တင်ပို့ခဲ့ပြီးကြောင်း သိရှိရသည်။

          ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက် ပဲသီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရာ ယခုနှစ် မတ်လ ၁ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ တံတားနေရာအပြည့်ဆိုက်ကပ်၍ ကုန်တင်ကုန်ချ ဆောင်ရွက်လျက်ရှိသဖြင့် ဆိပ်ကမ်းတံတားများအတွင်း ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ်များ၊ ကုန်တင်ယာဉ်ကြီးများဖြင့် စည်ကားလျက်ရှိသည့်အပြင် နေ့/ည အဆိုင်းလိုက် တာဝန်ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဝန်ထမ်းများနှင့် လုပ်သားကြီးများဖြင့်လည်း လှုပ်ရှား စည်ကားလျက်ရှိကြောင်းသိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ဆန်တန်ချိန် ၃၈၄,၄၀၅ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ဆန်တန်ချိန် ၁,၄၆၅,၇၉၃ တန် တင်ပို့ခဲ့ပြီးကြောင်းသိရှိရသည်။ ဆန်တင်ပို့ရာတွင် ကုန်သေတ္တာဖြင့်တင်ပို့မှု များပြားခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာလ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သေတ္တာ ပြတ်လတ်ရှားပါးမှုကြောင့် အထွေထွေကုန်စည်တင် သင်္ဘော များကို ပိုမိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ကုန်သေတ္တာဖြင့် ဆန်တင်ပို့မှုသည် ဝမ်းပုံစနစ်ဖြင့် တင်ပို့မှု၏ ၂ ဆ ခန့်ရှိကြောင်းနှင့် ဆန်ကို ဥရောပနှင့် အာဖရိကနိုင်ငံများအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ပဲအမျိုးမျိုး ၁၅၆,၉၅၀ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ပဲတန်ချိန် ၁,၂၉၂,၇၆၆ တန် တင်ပို့ခဲ့ပြီးကြောင်း၊ ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာတွင် ကုန်သေတ္တာများဖြင့်သာ အဓိကထား တင်ပို့လေ့ရှိကြောင်းနှင့် အိန္ဒိယနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိ ကြောင်း သိရှိရသည်။

ပြောင်းရာသီဖြစ်၍ ယခုနှစ် ဖေဖော်ဝါရီလအတွင်း  ပြောင်းတန်ချိန် ၃၆၅,၄၇၂ တန် တင်ပို့ခဲ့ ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်း ပြောင်းတန်ချိန် ၈၉၁,၀၃၈တန် တင်ပို့ခဲ့ပြီးသည့်အနက် ဖေဖော်ဝါရီလတွင် အများဆုံး တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ပသို့ ပြောင်းတင်ပို့ရာတွင် အထွေထွေကုန်စည်တင်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု ၇၅%၊ ကုန်သေတ္တာဖြင့်တင်ပို့မှု ၂၅% ရှိကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်း များသို့ ကုန်တန်ချိန် ၂၇၀၀-၃၀၀၀ ခန့်တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များပိုင်ဆိုင် သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

          ပွင့်လင်းရာသီကာလအတွင်း ပြည်ပသို့ ဆန်နှင့်ကောက်ပဲသီးနှံများတင်ပို့ရာတွင် သင်္ဘော ကြီးများ နှောင့်နှေးကြန့်ကြာခြင်းမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှတ်အချိန်အတိုင်း သင်္ဘောတင်ပြီးစီး နိုင်ရေး၊ အလေအလွင့် အနည်းဆုံးဖြင့် အရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာ တင်ပို့နိုင်ရေး တို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ် သည့် ကြီးကြပ်စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်၊ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်နှင့် ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်ကြီးများနှင့်လည်း အခါအားလျော်စွာ တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ကုန် သေတ္တာလိုအပ်ချက် မရှိစေရေးအတွက် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ UMFCCI နှင့် MIFFA တို့မှ တာဝန်ရှိသူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်း များနှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။