“ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းနှင့် ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေရေး အတွက် အင်အားဖြည့်တင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မှာယူ တည်ဆောက်ခဲ့သည့် 5000 BHP, 65 BPT, 34M, ASD Tug တွန်း/ဆွဲရေယာဉ်အသစ် (၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခြင်း”
ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာနေကြသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ် သင်္ဘောကြီးများအား တွန်း/ဆွဲလုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချစွာဖြင့် ဝန်ဆောင်မှုပေး နိုင်ရေးအတွက် အင်အားဖြည့်တင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Union Resources & Engineering Co., Ltd. (UREC)မှ မှာယူတည်ဆောက်ခဲ့သော နည်းပညာမြင့်မားသည့် 5000 BHP, 65 BPT, 34M, Azimuthing Stern Drive (ASD) Tug တွန်း/ဆွဲရေယာဉ်အသစ်(၂)စီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးဆိပ်ကမ်းမှ ၂-၈-၂၀၂၁ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့၊ ပန်းဆိုးတန်း ရှိ ကျန်းမာရေးဆိပ်ကမ်တံတားသို့ ၁၈-၈-၂၀၂၁ ရက်နေ့ ၁၁:၁၅ နာရီ အချိန်တွင် အောင်မြင်စွာ ဆိုက် ရောက်လာခဲ့ပါသည်။
အဆိုပါ ရေယာဉ်(၂)စီးကို စင်ကာပူအခြေစိုက် SeaTech Solutions International Pte., Ltd. မှ တာဝန်ယူ ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ဂျပန်နိုင်ငံ၏ ClassNK မှ ရေယာဉ်ဒီဇိုင်း၊ Technical Specificationနှင့် တည်ဆောက်မှုတို့အပေါ် စမ်းသပ်စစ်ဆေးအတည်ပြု ထားသည့် အသိအမှတ်ပြုလက်မှတ်များရယူ၍ တရုတ်နိုင်ငံ ကွမ်ကျိုးရှိ Shunhai Shipyards Ltd. မှ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ တွန်း/ဆွဲရေယာဉ်(၂)စီးသည် အလျား ၃၄ မီတာ၊ အကျယ် ၁၁.၆ မီတာ၊ ရေစူး ၄ မီတာ ရှိပြီး၊ မြင်းကောင်ရေ ၂၅၀၀ BHP စီရှိသော ဂျပန်နိုင်ငံထုတ် Yanmar အင်ဂျင် (၂)လုံးကို တပ်ဆင်ထားပါသည်။ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ရေမိုင်(၁၂)မိုင် နှုန်း မောင်းနှင်နိုင်မည် ဖြစ်ပါသည်။ တည်ဆောက်သည့်ကာလမှာ စုစုပေါင်း(၁၈)လဖြစ်ပါသည်။ ၎င်းရေယာဉ်(၂)စီးအား ဆင်မင်း-၁ နှင့် ဆင်မင်း-၂ ဟုအမည်ပေးထားပါသည်။
ယခုအခါ ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်မှုကြောင့် ရေစူး ၁၀ မီတာနှင့် တန်ချိန် ၃၀,၀၀၀ အထိတင်နိုင်သော ကုန်သေတ္တာတင်သင်္ဘောကြီးများ၊ စက်သုံးဆီ သင်္ဘောကြီးများ၊ အထွေထွေကုန်စည်တင်သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလျှက်ရှိရာ ယခုရောက်ရှိလာသည့် မြင်းကောင်ရေ 5000 BHP ရှိ Azimuthing Propeller Tug များ (Rudder/ တက်မ မပါဘဲ ပန်ကာ ၂ ခုအားဖြင့် ၃၆၀ ဒီဂရီ လှည့်ပတ်၍ သင်္ဘောကြီးများအား ၉၀ ဒီဂရီ ထောင့် မှန်ကျကျ တွန်းနိုင်ပါသည်။)ကို ထပ်မံအားဖြည့်အသုံးပြုနိုင်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများကို ဆိပ်ကမ်းတံတားတွင်ကပ်ခြင်း၊ တံတားမှခွာခြင်းနှင့် ကျောက်ချနေရာတွင် လှည့်ခြင်းများအား ပိုမိုဘေးကင်းလုံခြုံစွာဖြင့် ဝန်ဆောင်မှုများ ပေးနိုင်တော့မည်ဖြစ်ပါသည်။
April 30, 2026
March 30, 2026
February 27, 2026
January 29, 2026
December 29, 2025