ရန်ကုန်၊ ဇူလိုင် ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဌာနနှင့် ဌာနမှ ဦးဆောင်ကြီးကြပ်စီမံခန့်ခွဲရသည့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများနှင့် စွမ်းဆောင်ရည်တိုးတက် မှုများကို ရရှိထိန်းသိမ်းနိုင်ရန် လူစွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ပြည့်ဝနေစေရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်စေရေးအတွက် Knowledge Sharing Program on “Safety at the Port” သင်တန်းအမှတ်စဉ်(၁)ကို ယနေ့နံနက်(၀၉၀၀) နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဌာနမှူးများ၊ သင်တန်းပို့ချမည့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ ဆိပ်ကမ်းတံတားများမှတာဝန်ရှိသူများနှင့် သင်တန်းသား(၅၆)ဦး၊ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍဟာ နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအတွက် အဓိကဝင်ထွက်ပေါက် (Gateway) တခုဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုကောင်းများကို ပေးနိုင်ရန်လိုအပ်သကဲ့သို့ ဘေးကင်းလုံခြုံမှုရှိရန်လည်း လိုအပ်ပါကြောင်း၊ ကုန်/ကုန်သေတ္တာများ ကိုင်တွယ်ရာတွင်လည်းကောင်း၊ သင်္ဘောကြီးများကို ဆိပ်ကမ်းတံတားများတွင် ကပ်/ခွာခြင်း ပြုလုပ်ရာတွင်လည်းကောင်း၊ ဆိုက်ကပ်၍ ဝန်ဆောင်မှုပေးချိန်တွင်လည်းကောင်း၊ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်များ(Standard Operating Procedures – SOPs)၊ အရေးပေါ်ကိစ္စရပ်များကြုံတွေ့လာချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အစီအမံများနှင့် စံပြုလုပ်ငန်းစဉ်များ (Emergency Plan & SOPs) များကို သိရှိနေရုံနှင့်မပြီးဘဲ၊ တိကျစွာ လက်တွေ့ကျကျ လိုက်နာဆောင်ရွက်နိုင်စေရန် ဇတ်တိုက်လေ့ကျင့်ခြင်း (Drill)နှင့် အခုလို Knowledge Sharing Program များဖြင့် ပြန်လည်ဆွေးနွေးပေး၍ သိရှိနားလည်စေခြင်းတို့ကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆက်လက်၍ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဆိပ်ကမ်းလုပ်ငန်းကဏ္ဍမှာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်၍ စွမ်းဆောင်ရည်ပြည့်ဝပြီး စနစ်တကျရှိသည့် ဆိပ်ကမ်းဝန်ဆောင်မှုကောင်းများကို ပေးနိုင်ရန်အတွက် သင်တန်းများနဲ့ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများနှင့် လက်တွဲ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အမှာစကားပြောကြားပေးခဲ့ပြီး၊ ပထမရက်သင်ခန်းစာများကို ဘာသာရပ်တာဝန်ခံများက ဆက်လက်ဆွေးနွေးပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ နေ့စဉ် (၀၉၀၀)နာရီအချိန်မှ (၁၂၃၀)နာရီအချိန်ထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏပိုင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အေးရှားဝေါဆိပ်ကမ်း(AWPT)နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ(MITT)တို့မှ ဘာသာရပ်ကျွမ်းကျင်သူများက Safe Stevedoring၊ Safe Cargo Handling၊ Risk Assessment၊ Dangerous Cargo Awareness၊ Safe & Effective Morring Operation စသည့်ဘာသာရပ်များကို လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များဖြင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည့်အပြင် ဆင့်ပွားပို့ချပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည့်အပြင် စွမ်းဆောင်ရည်ပြည့်ဝ၍ စနစ် တကျရှိသည့် ဆိပ်ကမ်း ဝန်ဆောင်မှုကောင်းများကိုလည်း ပေးလာနိုင်မည်ဖြစ်ပါသည်။
May 29, 2026
April 30, 2026
March 30, 2026
February 27, 2026
January 29, 2026