MPA Logo

new banner

ကုန်လုပ်ငန်းဌာနလုပ်ငန်းဆောင်ရွက်မှုများ

ကုန်လုပ်ငန်းဌာန အဓိကတာ၀န်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အတွင်းသို့ ၀င်ရောက်လာသော င်္ဘောများနှင့် ကမ်းရိုးတန်းသွား သင်္ဘောများအား သင့်လျော်သော ဆိပ်ကမ်း တံတားများ၌ စီစဉ်နေရာချထားခြင်း၊ သွင်းကုန်များကို သင်္ဘောပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင် များထံသို့ ထုတ်ပေးခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများထံမှ ဆိပ်ကမ်းအခွန် အခများ ကောက်ခံခြင်း၊ ပို့ကုန်များအား သင်္ဘော၏ သိုလှောင်ရေး စိမံချက်နှင့်အညီ တင်ဆောင်ပေးခြင်းနှင့် ခွင့်ပြုချက်ကာလ ကျော်လွန်သော သွင်းကုန်များကို လေလံစာရင်းသွင်း၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။ ကုန်တင်/ကုန်ချ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သင်္ဘောကြီး ကုန်တင်/ကုန်ချ ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်စက်မောင်းများနှင့် ကုန်ကိုင်တွယ် စက်ပစ္စည်းကိရိယာများကို စုဆောင်းလေ့ကျင့်စီစဉ်တာ၀န်ချထားပေးရခြင်း၊ ရေယာဉ်များ အတွက် လိုအပ်သော ရေချိုပေးသွင်းခြင်း၊ ဆိပ်ကမ်းပိုင်မြေများ၊ သိုလှောင်ရုံများ၊ စားသောက်ဆိုင်များကို ငှားရမ်းခြင်းနှင့် ထိန်းသိမ်းကြီးကြပ် ကွပ်ကဲခြင်း၊ ဌာနပိုင်ပစ္စည်းများနှင့် သွင်းကုန်/ပို့ကုန်များ၏ လုံခြုံရေးကို တာ၀န်ယူရခြင်းနှင့် ခေတ်နှင့်အညီ စီမံချက်များ၊ ကုန်ကိုင်တွယ်နည်းစနစ်များကို ရေးဆွဲခြင်း စသည်လုပ်ငန်း များကိုလည်း ဆောင်ရွက်ရပါသည်။

စီမံဌာနခွဲ

စီမံ/ဖွဲ့စည်းဌာနခွဲသည် ကုန်လုပ်ငန်းဌာန၏ ၀န်ထမ်းရေးရာကိစ္စအ၀၀ကို ဆောင်ရွက်ရပါသည်။ စာပေးစာယူနှင့် ရုံးလုပ်ငန်းကိစ္စများကို တာ၀န်ယူဆောင်ရွက်ခြင်း၊ ၀န်ထမ်းအင်အားကို အမြဲမပြတ် စီစစ်ခြင်း၊ ဖြည့်စွက်ခန့်ထားခြင်း၊ တိုးမြှင့်ခန့်ထားခြင်း၊ ပြစ်ဒဏ်ထုတ်ပြန်ခြင်း၊ ထုတ်ပယ်ခြင်း၊ အငြိမ်းစားပေးခြင်းတို့ကို အချိန်မီ ဆောင်ရွက်ရပြီး ကုန်လုပ်ငန်းဌာန၏ အသေးသုံးနှင့် ဆောင်ငွေမှ ထုတ်ပေးခြင်း၊ ပြန်လည်ဖြည့်တင်းခြင်း၊ ဘဏ္ဌာရေးအသုံးစရိတ်များ ရေးဆွဲပြုစုခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများ လိုက်နာရန် စည်းကမ်းများ ရေးဆွဲခြင်း၊ ဆိပ်ကမ်း အခွန်အခများကောက်ခံခြင်း၊ မတော်တဆမှုများ၊သေဆုံးမှုများ အတွက် အာမခံ ထားရှိရေး၊ လျော်ကြေးရရှိရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ စနစ်များ ချမှတ်ပေးခြင်းနှင့် လုပ်သားများ သက်သာချောင်ချိရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါသည်။

သွင်းကုန်/ပို့ကုန်လုပ်ငန်းဌာနခွဲ

သွင်းကုန်/ပို့ကုန် လုပ်ငန်းဌာနခွဲသည် သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို လက်ခံ ခြင်း၊ ယာယီထိန်းသိမ်းပေးခြင်းနှင့် လွှဲပြောင်းထုတ်ပေးခြင်း လုပ်ငန်းများကို တာ၀န်ယူ ဆောင်ရွက်ရပါသည်။ ဆိပ်ကမ်းတံတားများသို့ ဆိုက်ကပ်လာသော သင်္ဘောကြီးများကို သတ်မှတ်ထားသော နေရာများအတွင်း ဆိုက်ကပ်နိုင်ရန်နှင့် ထွက်ခွာနိုင်ရန် ရေကြောင်းပြများအား အထောက်အကူပြု ဆောင်ရွက်ပေးခြင်း၊ ဆိပ်ကမ်း တံတားများနှင့် သိုလှောင်ရုံများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမွမ်းမံရေးအတွက် ဆောင်ရွက်ခြင်း၊ လုပ်ငန်း လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ ဆိပ်ကမ်းရောက် ကုန်ရှင်းတမ်းနှင့် လျော့နည်းရောက် ကုန်များစာရင်းကို ထုတ်ပြန်ခြင်း၊ ကုန်စည်ကျရောက်မှု ထောက်ခံချက်များ ထုတ်ပေးခြင်း၊ (၂)လအတွင်း ထုတ်ယူခြင်း မပြုသော ကုန်များ၊ လေလံစာရင်းသွင်း၍ လေလံတင်ထုခွဲရောင်းချခြင်းနှင့် သင်္ဘောကြီးများ၏ လိုအပ်ချက်အရ ရေချို ပေးသွင်းခြင်း စသည်တို့ကို ဆောင်ရွက်ရပါသည်။

လုပ်အားဌာနခွဲ

လုပ်အားဌာနသည် ကုန်လုပ်ငန်းဌာန၏ လုပ်ငန်းများအတွက် လုပ်သားအင်အားစုများကို စုစည်းပေး သောဌာနခွဲဖြစ်သည်။ ကုန်တင်/ကုန်ချလုပ်ငန်း နှင့် ကုန်များ ရှင်းလင်း ထုတ်ပေးခြင်း လုပ်ငန်းများအတွက် နေ့စဉ်လိုအပ်သော ကြီးကြပ်ရေးအမှုထမ်းများနှင့် လုပ်သားများအား စနစ်တကျ စီစဉ်တာ၀န်ချထားခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ လစားလုပ်သားများနှင့် ယာယီနေ့စားလုပ်သားများ၏ အင်အားစာရင်းကို မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ လုပ်သားသစ်များ စုဆောင်းခြင်း၊ လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပေးခြင်း၊ လုပ်သား များ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် စည်းကမ်း ဖောက်ဖျက်သူများအား အရေးယူအပြစ်ပေးနိုင်ရန် စိစစ်တင်ပြခြင်း၊ လုပ်အားထူးချွန်သူများအား ဂုဏ်ပြုနိုင်ရန် စိစစ်တင်ပြခြင်း၊ အလုပ်သမားများ ကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ရပါသည်။

စက်ဌာနခွဲ

စက်ဌာနခွဲသည် ကုန်တင်/ကုန်ချ လုပ်ငန်းနှင့် ကုန်ရှင်းလင်းထုတ်ပေးခြင်း လုပ်ငန်းများတွင် လုပ်သား တို့၏ လုပ်အားကို စက်အင်အားဖြင့် ထပ်မံဖြည့်တင်းပေးရသော လုပ်ငန်း တာ၀န်ကို ဆောင်ရွက်ရသည်။ ကုန်သေတ္တာကိုင်တွယ်သော စက်ကိရိယာများ၊ ၀န်ဆွဲယာဉ်၊ ၀န်မယာဉ်၊ ၀န်ချီစက် စသည့် စက်ကိရိယာများ နှင့် ကုန်တင်/ကုန်ချ စက်ပစ္စည်းကိရိယာများကို ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အသေးစားပြုပြင် ထိန်းသိမ်းရေးကို တံတားအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေး စက်ရုံတွင် ဆောင်ရွက်ခြင်း၊ ကြီးမားသော အပျက် အစီးများကို စက်မှုအင်ဂျင်နီယာဌာနနှင့် ဆက်သွယ်၍ ဆောင်ရွက်ခြင်း၊ လိုအပ်သော စက်ကိရိယာအပိုပစ္စည်း များ နှင့် အခြားစက်ပစ္စည်းများ ၀ယ်ယူရေးကို သက်ဆိုင်ရာဌာန အသီးသီးသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက် ခြင်း၊ လုပ်ငန်းတိုးတက်ရေးနှင့် ၀န်ထမ်းများ အရည်အချင်းပြည့်၀ရေး အတွက် ကုန်ကိုင်တွယ်စက်ကိရိယာ အမျိုးအစားအလိုက် အသုံးပြုပုံများကို သင်တန်းများ ပို့ချခြင်း နှင့် စက်ကိရိယာနှင့် ပတ်သက်၍ စည်းကမ်း များ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ 

မြေနှင့်ဆိပ်ကမ်းဌာနခွဲ

မြေနှင့်ဆိပ်ကမ်း ဌာနခွဲသည် သွင်းကုန် ပို့ကုန်များ ကုန်ပိုင်ရှင်ဌာနများက ထုတ်ယူပြီးနောက် ပြည်နယ်နှင့် တိုင်းများသို့ ခွေဲ၀ပို့ဆောင်ရာတွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းများမှ သင်္ဘောတင်ရန် အတွက် သယ်ဆောင်လာသော ပို့ကုန်များ ထိန်းသိမ်းရာတွင်လည်းကောင်း၊ ကြားကာလ သယ်ယူပို့ဆောင် ထားသိုမှု အခက်အခဲများကို ကူညီဖြေရှင်းပေးရသော ဌာနဖြစ်ပါသည်။ ဆိပ်ကမ်းဒေသရှိ ကုန်လှောင်ရုံများကို ငှားရမ်းပြီး ကောင်းမွန်စွာ အသုံးပြုစေရန် ကြပ်မတ်ပေးခြင်း၊ ဆိပ်ကမ်းဒေသနှင့် ပတ်သက်၍ ၀င်/ထွက်သွား လာသည့် ရေယာဉ်များ၊ ပြည်တွင်းသွား ရေယာဉ်များ၊ ကမ်းရိုးတန်းသွားရေယာဉ်များ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင်ရေယာဉ်များအား နေရာချထားပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ အခွန်အခကောက်ခံခြင်း၊ တင်ချသော ကုန်ပစ္စည်း များအပေါ် အခွန်အခကောက်ခံခြင်း၊ အဆောက်အဦ၊ မြေနှင့် ဆိုင်ခန်းများ ငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက အရေးယူခြင်း၊ ငှားရမ်းခကောက်ခံခြင်း၊ ဌာနပိုင် အဆောက်အဦနှင့် နေအိမ်များကို ကြီးကြပ် ထိန်းသိမ်းခြင်း နှင့် ဆိပ်ကမ်းဒေသအတွင်းရှိ ဗောတံတားများ၊ သိုလှောင်ရုံများ၊ အဆောက်အဦများ နှင့် နေအိမ်များ ပျက်စီးပါက မြို့ပြအင်ဂျင်နီယာဌာနနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ရပါသည်။

လုံခြုံရေးဌာနခွဲ

လုံခြုံရေးဌာနခွဲသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော ပစ္စည်းများ၊ သွင်းကုန် ပို့ကုန်နှင့် ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ်လျှက်ရှိသော သင်္ဘောများ၏ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ် ရေးလုပ်ငန်းများကို တာ၀န်ယူ ဆောင်ရွက်ရပါသည်။ လုံခြုံရေးနှင့် ပတ်သက်၍ တံတားနယ်မြေတစ်ခုလုံး၏ လုံခြုံမှုကို တာ၀န်ယူဆောင်ရွက်ခြင်း၊ ဌာနပိုင်ပစ္စည်းများနှင့် ယာယီလက်ခံထိန်းသိမ်းထားရသော သွင်းကုန်/ ပို့ကုန်များ၊ တံတားနယ်မြေအတွင်းရှိ အဆောက်အဦများနှင့် လူတို့၏ လုံခြုံရေးဆောင်ရွက်ခြင်း၊ တာ၀န်မရှိ သူများ ဆိပ်ကမ်းအတွင်းသို့ မ၀င်ထွက်နိုင်ရန် စိစစ်ခြင်း၊ ဆိပ်ကမ်းတံတားတွင်းသို့ တားမြစ်ထားသော ပစ္စည်းများ တရားမ၀င်ယူဆောင်လာခြင်း မရှိစေရန်နှင့် ဆိပ်ကမ်းတံတားတွင်းမှ ပစ္စည်းများ တရားမ၀င် ထုတ်ယူခြင်း မပြုနိုင်ရန် စိစစ်ခြင်း၊ တံတား၀င်ခွင့်လက်မှတ်များ စီစစ်ထုတ်ပေးခြင်းနှင့် အ၀င်အထွက် ကြီးကြပ်ခြင်း၊ ဆိပ်ကမ်းနယ်မြေအတွင်း လုံခြုံမှုအတွက် သတ်မှတ်ထားသော နေရာများတွင် လုံခြုံရေး ၀န်ထမ်းများအား တာ၀န်ချထားခြင်း၊ မြစ်ဘက်မှ တရားမ၀င်ပစ္စည်းများ လဲလှယ်ရောင်းချ၊ ခိုးထုတ်မှု မဖြစ် စေရန် ရေကြောင်းကင်းလှည့် စောင့်ရှောက်ခြင်း၊ တံတားအတွင်းသို့ သွင်းယူသည့် (သို့မဟုတ်) တံတား အတွင်းမှ ထုတ်ယူသည့် ပစ္စည်းများအတွက် စာရွက်စာတမ်း အထောက်အထားများဖြင့် စိစစ်ခွင့်ပြုခြင်း၊ တံတားအတွင်း ဖြစ်ပွားသည့် မှုခင်းကိစ္စရပ်များအား စစ်ဆေးအရေးယူခြင်း၊ ပြင်ပဌာနများနှင့် ဆက်စပ်သော မှုခင်းကိစ္စရပ်များတွင် ပြင်ပမှုခင်းထောက်လှမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေး အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် လုံခြုံရေးစီမံချက်များ ရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ မီးဘေးကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သွင်းကုန်/ပို့ကုန်များ၊ ဌာနပိုင် အဆောက်အဦများ၊ သိုလှောင်ရုံ၊ မီးဘေးအန္တရာယ်မကြုံတွေ့စေရန် ကြိုတင်ကာကွယ်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်နည်း ဆွေးနွေးဟော ပြောသရုပ်ပြခြင်း၊ မီးလောင်မှု ဖြစ်ပွားလျှင် အချိန်မီ မီးငြိ်မ်းသတ်ခြင်းနှင့် မီးဘေးကာကွယ် ရေး  စီမံချက်များ ရေးဆွဲခြင်းများ ဆောင်ရွက်ပါသည်။

သန့်ရှင်းသာယာ လှပရေးဌာနခွဲ

ဆိပ်ကမ်းနယ်မြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနခွဲသည် သတ်မှတ်ထား သော ဆိပ်ကမ်းနယ်မြေအတွင်း အမှိုက်သရိုက်များ၊ မြစ်ကမ်းတင် အမှိုက်များ ရှင်းလင်းခြင်း၊ ရေအိမ်၊ မိလ္လာ လှောင်ကန် ရေဆင်းမြောင်းများ ပိတ်ဆို့များ ရှင်းလင်းခြင်း၊ စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ နေ့/ည ဆောင်ရွက်ပါသည်။