MPA Logo

new banner

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း လုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇွန် ၁၇

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားအား ရေယာဉ်များ နေ့/ည ဖြတ်သန်းကြရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင် စီမံမှုများ ဆောင် ရွက်ထားနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်ဆန်းဝန်ထမ်းမိသားစုအိမ်ရာ၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးဝင်းခန့် တက်ရောက် အမှာစကားပြောကြား သည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြစ် ရေလမ်းကြောင်းအတွင်း ဖြတ်သန်းသွားလာကြမည့် နိုင်ငံ တကာကုန်သွယ်သင်္ဘောကြီးများ၊ ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် စံပြုလုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များ ရေးဆွဲသွားမည်ဖြစ်ပြီး ထွက်ပေါ်လာမည့် စံပြုလုပ်ငန်းစဉ်များနှင့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး Stakeholder များအားလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ပညာပေးခြင်း၊ တိကျစွာလိုက်နာကျင့်သုံးနိုင်ရေး  ကြီးကြပ်စီမံခန့်ခွဲခြင်းနှင့် လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများနှင့် ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည် ရေး(ဒလ)တံတားကို နေ့/ည ဖြတ်သန်းသွားလာကြရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်း သွားလာနိုင်ကြမည်ဖြစ်သည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။