ရန်ကုန်၊ ဇူလိုင် ၂၇
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်၍ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၂ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၇-၇-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် နည်းပြ ဖြစ်သည့် ကပ္ပတိန် အောင်ခင်မြင့်၊ လက်ထောက်သင်တန်းနည်းပြများ၊ သင်တန်းတာဝန်ခံ၊ ကုန်သေတ္တာဆိပ်ကမ်းများ၊ ကုန်သေတ္တာသင်္ဘောလိုင်းများနှင့် ကုန်သေတ္တာခွံသိုလှောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၄၃)ဦးတို့ တက်ရောက်ခဲ့ကြပါ သည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြ နှင့် မြန်မာ့စက်မှုဆိပ်ကမ်း၏ အမှုဆောင်အရာရှိချုပ်တို့မှ အမှာစကားများ ပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းအား ၁၈-၇-၂၀၂၆၊ ၂၂-၇-၂၀၂၆၊ ၂၅-၇-၂၀၂၆ နှင့် ၂၆-၇-၂၀၂၆ ရက်များတွင် ဆောင်ရွက်ခဲ့ပြီး စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမနှင့် လက်တွေ့လေ့ကျင့်မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချပေးခြင်းကြောင့် ကုန်သေတ္တာစစ်ဆေးခြင်းနှင့်ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံတကာစံပြု Guideline များကို သိရှိနားလည်ပြီး မိမိအဖွဲ့အစည်း တွင်ပြန်လည်တိုးချဲ့ဖြန့်ဝေနိုင်သည့်အတွက် အရည်အချင်းပြည့်ဝစွာဆောင်ရွက်နိုင်သည့် လူ့စွမ်း အား အရင်းအမြစ်များ လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေခြင်း၊ လုပ်ငန်းခွင်တွင် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း အဆင့်အတန်းမှီစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သေတ္တာ အား အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်သူများနှင့် ကုန်သေတ္တာအခွံ အပ်နှံထိန်းသိမ်း ပြုပြင်သည့် လုပ်ငန်းဆောင်ရွက်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ လျော့နည်းပပျောက်သွားစေခြင်း၊ ကုန်သေတ္တာအသုံးပြု၍ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်သူများအချင်းချင်း လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာစေခြင်းအစရှိသည့် ရလဒ်များပေါ်ထွက်လာစေမည်ဖြစ်ပါသည်။
July 30, 2026
July 17, 2026