MPA Logo

Ports In Myanmar

 

မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက် အစွန်ဆုံး (ဘင်္ဂလားဒေ့(ချ်) နိုင်ငံ နယ်စပ်) နတ်မြစ်ဝမှ စပြီး တောင်ဖက် အစွန်ဆုံး (ထိုင်းနိုင်ငံနယ်စပ်) ဘုရင့်နောင်အငူအထိ တည်ရှိပြီး၊  ရခိုင်ကမ်းရိုး တန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့်  တနင်္သာရီကမ်းရိုးတန်း ၁၀၇၈ ကီလိုမီတာဖြစ်ပြီး စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂၂၂၈) ကီလိုမီတာ (ရေမိုင်အားဖြင့် ၁၂၆၀ ကီလိုမီတာ) ရှည်လျားပါ သည်။ အဆိုပါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိကနိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ ၏ ၉၀% ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား(၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

new banner

ကုလားဂုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း

(က) မြန်မာနိုင်ငံတော်အစိုးရသည် ကုလားဂုတ်ဒေသကို ရေနက်ဆိပ်ကမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လွန်ခဲ့သောဆယ်စုနှစ် နှစ်စုကတည်းက ကြိုတင်ရည်ရွယ် သတ်မှတ်ခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ ကုလားဂုတ်ဒေသသည် ပဏာမ လေ့လာမှုများအရ ရေနက် ဆိပ်ကမ်း အကောင်အထည်ဖော်တည်ဆောက်ရန် အလားအလာကောင်းသော ဒေသတစ်ခု ဖြစ်ပါသည်။

(ခ)        မွန်ပြည်နယ်ရှိ ကုလားဂုတ်ဒေသသည် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ပထဝီမြေပြင် အနေအထား အလွန်ကောင်းမွန်သောနေရာတွင် တည်ရှိပြီး GMSနှင့် အာဆီယံဒေသအကြားရှိ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းနှင့် တရုတ်နှင့်အာဆီယံဒေသအကြားရှိ တောင်-မြောက် စီးပွားရေး စင်္ကြန်လမ်းတို့နှင့် ဆက်သွယ်ထားပါသည်။ ထို့အပြင် သစ်တော၊ သတ္တုတွင်း၊ စိုက်ပျိုးရေးနှင့် ရေ ထွက်ပစ္စည်းများ အစရှိသည့် သဘာဝသယံဇာတများ ပေါကြွယ်ဝသောဒေသ ဖြစ်ပါသည်။

(ဂ)     အိန္ဒိယသမုဒ္ဒရာကိုဖြတ်သန်း၍ မြန်မာနိုင်ငံ၏အနောက်ဘက်မျက်နှာစာသို့ ဦးတည်ချဉ်း ကပ်လာသော  ပင်လယ် ရေလမ်းကြောင်းကို လွယ်ကူစွာ အသုံးပြုနိုင်စေရန်နှင့် မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်သာမက ကုလားဂုတ်ဒေသနှင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ရည်ရွယ်၍ အားထုတ်ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ပါသည်။ ဒေသခံပြည်သူ များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ ၎င်းတို့၏ လူနေထိုင်မှုဘဝကို မြှင့်တင် ရန်နှင့် နိုင်ငံတော်၏စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပါသည်။

(ဃ)    ကုလားဂုတ်ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ရှေးဦးစွာဖြစ်နိုင်ခြေလေ့လာရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေ ဖြင့် ထိုင်းနိုင်ငံအ‌ခြေစိုက် The Emerald Grand Hotel Co., Ltd နှင့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ၉-၈-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့ရာတွင် The Emerald Grand Hotel Co., Ltd အနေဖြင့် ဖြစ်နိုင်‌လေ့လာရေးလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာကို ရပ်စဲ/ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။

(င)     ထို့နောက် ထပ်မံ၍ ကုလားဂုတ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်‌ခြေလေ့လာရေး လုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံအခြေစိုက် Centennial Energy (Thailand) Co., Ltd က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခွင့်ပြုရန် တင်ပြခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံအ‌ခြေစိုက် Centennial Energy (Thailand) Co., Ltd တို့ အကြား ၂၄-၇-၂၀၁၅ ရက်နေ့ တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ သို့ရာတွင် နားလည်မှုစာချွန်လွှာ စည်းကမ်းအရ Centennial Energy (Thailand) Co., Ltd  သည် လုပ်ငန်းဆောင်ရွက်မှု  ဘဏ်အာမခံ (Performence Bank Guarantee) USD ၁၀၀,၀၀၀ ကို ပေးသွင်းရန် ပျက်ကွက်ပါသဖြင့် အဆိုပါနားလည်မှုစာချွန်လွှာကို ရပ်ဆိုင်းပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ကုလားဂုတ်ရေနက်ဆိပ်ကမ်းအား အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။