မြန်မာ့ပို့ကုန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေဆိပ်ကမ်းတံတားများမှ ဥရောပနှင့် အာဖရိကနိုင်ငံ များသို့ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခြင်း

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ် ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့လျှက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင်  ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ  စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်း သင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)ကိုလည်း ကောင်း၊ တင်ပို့နိုင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀)မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန် တန်ချိန် စုစုပေါင်း(၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာမည်ဖြစ်ပါသည်။